တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၄)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီတို့ပူးပေါင်း၍ (၃၄)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မူကြိုကျောင်းများမှရင်သွေးငယ်များနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်လျော်ညီစွာ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပ လျှက်ရှိပါကြောင်း၊ ကလေးများအတွက်ဆောင်ရွက်ရာတွင် အစိုးရဌာနများ၊ အစိုးရမဟုတ်သည့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြမှသာ ပြည့်စုံမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ်ပေးပို့လာသည့် ဆောင်ပုဒ်ကတော့“ For every child, every right ” ဖြစ်ပြီး “ အခွင့်အရေးအားလုံး ရရှိရေးကလေးငယ်တိုင်းအတွက်ဖော်ဆောင်ပေး ” ဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိကလေးများအားလုံး ကလေးသူငယ်အခွင့်အရေးများအား ရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများမှ အားလုံးပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလှုံ့ဆော်ထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည် ကလေးသူငယ်များ၏ အပေါ်တည်မှီနေသည့် အတွက် ၄င်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဂရုပြုအလေးထား ဆောင်ရွက်ရန်လိုအပ်သလို ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ ကလေးများ၏ မွေးရာပါအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် မဆုံးရှုံးစေရေးအတွက် ကလေးသူငယ်အခွင့်အရေးများကို ဌာနဆိုင်ရာ များ၊ မိဘများနှင့် ပြည်သူတစ်ရပ်လုံးသိရှိဖြည့်ဆည်းပေးပြီး ကလေးတိုင်းအကြားအလပ်မရှိ အခွင့်အရေးများတန်းတူရရှိနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ အစိုးရမဟုတ်သောစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် စဉ်ဆက်မပြတ်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်” တိုက်တွန်းအမှာစကားများပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပေးပို့သည့် ကလေးသူငယ်များ အတွက်ဆောင်ရွက်မှုမှတ်တမ်း Video Clipနှင့် ပုသိမ်မူလတန်းကြိုကျောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ P.E.C ပုဂ္ဂလိကမူလတန်းကြို ကျောင်း၊ ပုသိမ်ကလေးပြုစုရေးဌာန၊ A.I.I.C ပုဂ္ဂလိကမူလတန်းကြိုကျောင်းနှင့် အမရာ ပုဂ္ဂလိကမူလတန်းကြိုကျောင်းတို့မှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မူကြိုကျောင်းများမှ ရင်သွေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ကမ္ဘာ့ကလေးများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မူကြိုကျောင်းများမှ ရင်သွေးငယ်များအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက ကမ္ဘာ့ကလေးများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မူကြိုကျောင်းများမှ ရင်သွေးငယ်များနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။

20-Nov-2023