ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ၁၇ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပိုက်ကျော်ခြင်း အမျိုးသမီးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပိုက်ကျော်ခြင်းပြိုင်ပွဲသည် တိုင်းဒေသကြီးအတွက် အားထားရသည့်အားကစားနည်းတစ်ခုဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်ပြိုင်သည့်အခါများတွင်လည်း ဆုတံဆိပ်နှင့်ဆုဖလားများရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအနေဖြင့် အောင်နိုင်ရေးအတွက် ကြိုတင်၍စုဖွဲ့လေ့ကျင့်ခြင်း၊ လူရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရန် အောင်စိတ်မွေးကာ ယှဉ်ပြိုင်ကြရန်၊ ရာသီဥတုအပြောင်းအလဲကြောင့် ကျန်းမာရေးကိုအထူးဂရုစိုက်၍ ညီညွတ် မျှတသည့် အစားအသောက်များ စားသောက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အသင်း အောင်မြင်မှုရရှိစေရန်အတွက် နည်းပြ၊အုပ်ချုပ်၊ အားကစားသမားများ အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် အောင်မြင်မှု များရရှိပါစေကြောင်း” အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

18-Nov-2023