ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတတက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ “ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာေရးဒီဂရီကောလိပ်များနှင့် တက္ကသိုလ်အသီးသီးတွင် လူငယ်သီတင်းပတ်ပွဲတော်များ ပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆိုပါအခမ်းအနားများသို့တက်ရောက်အားပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန် မိမိကိုယ်မိမိထိန်းကျောင်းရန်လိုပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန်အတွက် ဆရာ၊ ဆရာမများအပါအဝင် မိဘများက ငယ်စဉ်ကပင် ဆုံးမသွန်သင်ခဲ့ပါကြောင်း၊ တက္ကသိုလ်ကြီး၌ ပညာဆည်းပူးနေသည့် လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့်သူများ ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရေးအတွက် တစ်ဦးချင်း ကိုယ်စီကို၌ကလည်း ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း”တိုက်တွန်းအမှာစကားများပြောကြားသည်။

ဆက်လက်၍ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က အမှာစကားများ ဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု‌ချီးမြှင့်ငွေများ ပေးအပ်ရာ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် စိုက်ပျိုးရေးဓါတုဗေဒဌာနမှပြသထားရှိသည့် ဒေသထွက်ကုန်များဖြင့် အလှကုန်ပစ္စည်းများပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့၊ တာကလေးရပ်ကွက် ပြည်လုံးချမ်းသာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းမှုများမှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။

05-Sep-2023