မအူပင်တက္ကသိုလ်၌ပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်တက္ကသိုလ်၊ မိုးလုံလေလုံအားကစားခန်းမ၌ လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်လူငယ်သီတင်းပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မအူပင်သက္ကသိုလ် အားကစားခန်းမတွင်ပြုလုပ်သည့် လူငယ်ပန်းတိုင်လှမ်းကိုင်နိုင်ဖို့ရာ ဟောပြောပွဲတက်ရောက်၍ “ လူငယ်သီတင်းပတ် ပွဲတော်များကို ပညာရေး ဒီဂရီကောလိပ်များနှင့်တက္ကသိုလ်အသီးသီးတွင် ပြုလုပ်လျက်ရှိပြီး ကျောင်းသားကျောင်းသူ လူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှပေါ်ထွက်လာသည့်ရလဒ်များအရ တိုင်းဒေသကြီးအတွက်အကျိုးပြုနိုင်မည့် ဒေသသုတေသနစာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေးအဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်စေရေးရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးအတွက်  လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရေး လူငယ် စကားဝိုင်းများကို အခြေခံပညာ၊ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များတွင် ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ မိမိတို့တိုင်းေဒသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်းလူငယ်များနှင့်ထိတွေ့၍ လူငယ်ကဏ္ဍမြှင့်တင်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ စာပေလေ့လာသင်ကြားမှုများကို အဆက်မပြက်လေ့လာသင်ယူကြပြီး ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားအောင် ဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ် များဖြစ်လာစေရေး တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ယခုအခမ်းအနား ကျင်းပသည့် ခန်းမကြီးသည်ပင် ကာယဗလပြည့်စုံရေးအတွက် လေ့ကျင့်မြှင့်တင်ရေးအတွက် နေရာတစ်ခုဟု ပြောရမှာဖြစ်ပါကြောင်း၊ နိုင်ငံ‌တော်မှ မျှော်မှန်းထားသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပါစေကြောင်းနှင့် နောက်တစ်ခေတ်၏ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များဖြစ်ကြပါစေကြောင်း” အားပေးအမှာစကားများပြောကြားသည်။

ဆက်လက်၍ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်က လူငယ်သီတင်းပတ်ပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကပြဖျော်ဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ရပ်ကွက်ကျေးရွာအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရေသးသူများအား စာရင်းကောက်ယူစုစည်းထားရှိ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ရန်နှင့် စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

05-Sep-2023