ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်မြို့၌ အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ်(Grade-9)နှင့် အခြေခံပညာအထက်တန်းအဆင့် (Grade-12)၊ ဆင့်ပွားသင်တန်းရောက်နေသည့် ဆရာ၊ဆရာမများအားတွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-9) နှင့် အခြေခံပညာအထက်တန်းအဆင့် (Grade-12) ဆင့်ပွားသင်တန်းရောက်နေသည့် ဆရာ၊ဆရာမများအား ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-9) နှင့် အခြေခံပညာအထက်တန်းအဆင့် (Grade-12) ဆင့်ပွားသင်တန်းရောက်နေသည့် ဆရာ၊ဆရာမများနှင့်တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအနေဖြင့် တက္ကသိုလ်မှ ဆရာကြီး၊ဆရာမကြီးများနှင့် အခြေခဲပညာမှဆရာကြီးဆရာမကြီးများ၏ ပို့ချဆွေးနွေးချက်များကို သေချာလိုက်နာမှတ်သား၍ မိမိတို့၏ တပည့်များအား ပြန်လည်သင်ကြားရမှာဖြစ်ပါကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံ တက်ရောက်စေနိုင်ရေးအတွက်    ဆရာကြီး၊ဆရာမကြီးများ၊မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာကျောင်းတက်ရောက်နိုင်ရေးအတွက်လည်းကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြေရေး စာသင်ခန်းများသည် လုံလုံခြုံခြုံဖြစ်စေရေးဆောင် ရွက်ရန်လိုပါကြောင်းနှင့် သန့်ရှင်းသောသောက်သုံးရေများ ရရှိရန်လည်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်နေသည့် ဆရာကြီး၊ဆရာမကြီးများအနေဖြင့် မိမိတို့၏ကျောင်းလိုအပ်ချက်များကိုလည်း တင်ပြပေးစေလိုကြောင်း၊ကျောင်း​နေအရွယ်က​လေးတိုင်း ​ကျောင်းတက်​ရောက်နိုင်​ရေးနှင့် အနိမ့်ဆုံးအ​ခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီး​မြောက်​စေ​ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၊  ပညာရေးဌာန၊ မိဘ များနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း"အမှာစကားများပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က Grade-9နှင့် Grade-12 သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ခရိုင်ပညာရေးမှူးနှင့် မအူပင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့သည်။ယင်းနောက် ဆရာကြီး၊ဆရာမကြီးများက မိမိတို့၏ ကျောင်းများအတွက် လိုအပ်ချက်များကို  တင်ပြကြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းဆိပ်ကမ်းသို့ သွားရောက်၍ ထိုင်းနိုင်ငံသို့ရောင်းချထားသည့် မြန်မာ့အစေ့ထုတ်ပြောင်း တန်ချိန် (၆၀၀၀၀)အနက် ပထမအကြိမ်အဖြစ် တန်ချိန် (၂၇၀၀) သင်္ဘောတင်လုပ်ငန်းအား ယနေ့ညမှစ၍ ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။

21-May-2023