နိုင်ငံတော်ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ မြစည်မဟာစည်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏ အားဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇာသဘင်အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည်ညိုပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့၊မြစည်မဟာစည်သာသနာ့ရိပ်သာ၏  နိုင်ငံတော် “ကမ္မဌာနာစရိယ” ဘွဲ့တံဆိပ်တော်ရ မြစည်ဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ” အားဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇာသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရိပ်သာအတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ ပင့်သံဃာအရှင်သူမြတ်များ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ “ကမ္မဌာနာစရိယ” ဘွဲ့ခံဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ” အားပင့်ဆောင်တော်မူပြီး အခမ်းအနားအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ယင်းနောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ဒုတိယဥက္ကဋ္ဌ၊ငါးသိုင်းချောင်းမြို့၊ရွှေရေးဆောင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဘဒ္ဒန္တသံဝရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။

ဆက်လက်၍ ကမ္မဌာနာစရိယ ဘွဲ့ခံဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ”၏ထေရုပ္ပတ္တိအား အခမ်းအနားမှူးက ဖတ်ကြားပူဇော်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘွဲ့ခံဆရာတော်ကြီးအား ဘွဲ့တံဆိပ်တော်နှင့်  လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကာ မြစည်မဟာစည်သာသနာ့ရိပ်သာ၏ လက်ထောက်ကမ္မဌာနာစရိယ ဘဒ္ဒန္တ ဝါယာမိန္ဒ က ဂုဏဝိသိဋ္ဌ၊ထုတိဝေဒလ္လဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီးနောက်  အစိုးရအဖွဲ့ဝန်ကြီးများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မြစည်မဟာစည်ဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တဝိစက္ခဏထံမှ  ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ရေစက်ချအနုမောဒနာတရားနာကြား၍ အခမ်းအနားအား “နမောတဿ”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

15-May-2023