ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံး၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းဘေးရှောင်ပြည်သူများအားသွားရောက်တွေ့ဆုံအားပေး

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအဆင့်ဆင့်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဖွင့်လှစ်ထားရှိသည့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးတာဝန်ရှိသူများမှ မုန်တိုင်းတိုက်ခတ်စဉ်နှင့် မုန်တိုင်းဝင်ရောက်နိုင်မည့်လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ လေတိုက်ခတ်အခြေအနေများနှင့် စား၊ ရေ၊ ရိက္ခာထောက်ပံ့ဆောင်ရွက်ပေးနိုင်မှု၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပစ္စည်းများစုဆောင်းထားရှိမှု၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွပ်ကဲရေးရုံးအဆင့်ဆင့်မှ သတင်းတင်ပြချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဆိုင်ကလုန်းရှယ်တာနှင့် ဘေးလွတ်ရာနေရာများသို့ ရောက်ရှိနေကြမည့်ပြည်သူများအတွက် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ အခက်အခဲမရှိစေရေးဆောင်ရွက်ပေးရန်၊ ကယ်ဆယ်ရေးလှေများ အသင့်ပြင်ဆင်ထားရှိရန်နှင့် ကမ်းခြေဒေသများသာမက ကုန်းတွင်းဒေသ များအတွက်ပါ အသင့်ပြင်ဆင်ထားရှိရန်လိုပါကြောင်း၊ အရန်ဆက်သွယ်ရေးစနစ်များအား အနီးဆုံးဖြန့်ကျက်ထားရန်လည်းလိုပါကြောင်း၊မုန်တိုင်းသတိပေးချက်အား အနီရောင်အဆင့် သတ်မှတ်ထားပြီးဖြစ်၍ ပေါ့ဆ၍မရပါကြောင်း၊ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ကွပ်ကဲမှုရုံးများ အနေဖြင့် မုန်တိုင်းအန္တရာယ်မကျရောက်နိုင်မည့်နေရာဖြစ်စေရန်နှင့်စားရေရိက္ခာများ အမိုးအကာများအောက် စနစ်တကျထားရှိရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီး အတွင်းရှိ ဆိုင်ကလုန်းရှယ်တာများ၊ ဘေးလွတ်ရာနေရာများသို့ ပြည်သူများကြိုတင်ရွှေ့ပြောင်းနေမှုအား စနစ်တကျမှတ်တမ်းများ ကောက်ယူထားရှိရန်လိုပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ဘောမိကျေးရွာရှိဆိုင်ကလုန်းရှယ်တာရှိ မုန်တိုင်းဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ အလားတူ ဂျိုင်လယ်ကျေးရွာ၊ဘုရားတောင်ကုန်းပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ ဘဝတစ်ခုဘောဇနသုခဝိဟာရကျောင်းဆောင်နှင့် မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံတို့၌ မုန်တိုင်းဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်မှ ကင်းလွတ်စေရေး ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စား၊ ရေ၊ ရိက္ခါများလည်း ကြိုတင်စုပုံထားရှိပြီးဖြစ်ပါကြောင်း၊ မုန်တိုင်းသတိပေးချက်များလည်း အဆက်မပြက်နားထောင်၍ အကြံပြုချက်များအတိုင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလည်းဆောင်ရွက်ပေးထားပါကြောင်းနှင့် လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားထားကြောင်း အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။

13-May-2023