ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းသည် ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စု၊ အရွှဲကျေးရွာရှိ ရွှေဝါနဒီ စိုက်ပျိုးထုတ်လုပ်မှုကုမ္ပဏီ၊ ရွှေဝါနဒီဆန်ကြိတ်ခွဲသန့်စင်စက်လုပ်ငန်းသို့သွားရောက်၍ ဆန်ကြိတ်ခွဲတင်ပို့နိုင်ရေး ဆန်စက်လည်ပတ်နေမှုအခြေအနေများကြည့်ရှုစစ်ဆေးခဲ့ရာ ဆန်စက်တာဝန်ခံမှ ဆန်ကြိတ်ခွဲမှု၊ သိုလှောင်မှု၊ (A -1, 2) ဇကွဲ တန်၂၅၀ ကြိတ်ခွဲမှု၊ ထွန်းပုဆန် တန် ၅၀၀ ဆန်သန့်စင်ကြိတ်ခွဲမှုနှင့် ရန်ကုန်ရုံးချုပ်မှတစ်ဆင့် ပြည်ပတင်ပို့မှုအခြေအနေများရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆန်အရည်အသွေးကောင်းမွန်စေရေး၊ ထုတ်ပိုးမှုစနစ်များသေသပ်ကောင်းမွန်စေရေး၊ ပြည်ပစျေးကွက်ပိုမိုထိုးဖောက်နိုင်ရေးနှင့် ဘေးထွက်ပစ္စည်းများအား အကျိုးရှိစွာပြန်လည်အသုံးချစေရေးကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။ 

ဆက်လက်၍  (၇၈)နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများအား ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာနှင့် မင်းဂရုကျေးရွာတို့၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂- ၂၀၂၃ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ၁၁/၀.၄ ကေဗွီလိုင်းနှင့် ၁၀၀ကေဗွီအေ ထရန်စဖော်မာ ၂လုံးတည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ထဖြင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းသွယ်တန်းဆောင်ရွက်သည့်  ရွှေလှေကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ ပြီးအခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် ရွှေလှေကျေးရွာရှိ တပ်မတော် ကျောင်းတိုက်ဆရာတော်အားဖူးမြှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရားများလျှောက်ထားတင်ပြခဲ့ကာ လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိသံဃာတော်များအားနေ့ဆွမ်းဆပ်ကပ်ခဲ့ ပြီးနောက် ကျောင်းတိုက်အတွင်းတည်ထားကိုးကွယ်တော်မူသော ပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်မြတ်အား ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခဲ့သည်။ 

ဆက်လက်၍ ‌တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မင်းဂရုကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP Phase II)ဖြင့်ဆောင်ရွက်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဆက်လက်ဖွင့်လှစ်ပေး၍ လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါကျေးရွာများတွင် ‌လျှပ်စစ်မီး ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ရွှေလှေကျေးရွာတွင် အိမ်ခြေ (၇၀) လုံး၊ မင်းဂရုကျေးရွာတွင် အိမ်ခြေ (၂၃၀) လုံးတို့ရှိ ဒေသခံပြည်သူများမှ  လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကိုလည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်းသိရသည်။

25-Mar-2023