ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)မှ ဘဒ္ဒန္တဇဝနဝံသမထေရ်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆပ်ကပ်ခြင်းနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်များအားဘွဲ့တံဆိပ်များ ဆက်ကပ်ပူဇော်ချီးမြှင့်ခြင်းမင်္ဂလာအခမ်းအနားကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)မှ ဘဒ္ဒန္တဇဝနဝံသမထေရ်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆပ်ကပ်ခြင်းနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်များအားဘွဲ့တံဆိပ်များ ဆက်ကပ်ပူဇော်ချီးမြှင့်ခြင်းမင်္ဂလာအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ကျိုက်လတ်မြို့၊  ဇဝနဗုဒ္ဓတက္ကသိုလ် ပညာဝေပုလ္လပိဋကတ်တိုက်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြည်ညိုခဲ့ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရာကန်တော့၍ မဟာမင်္ဂလာအခမ်းအနားတော်ကို စတင်ဖွင့်လှစ်ပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊သာသနဓဇဓမ္မာစရိယ၊ဒီဃဘာဏက၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ ဇဝနဗုဒ္ဓတက္ကသိုလ်အဓိပတိ ဆရာတော်ကြီး ဘဒ္ဒန္တဇဝနဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို) ဘဏ္ဍာရေးမှူးကရှင်းလင်းလျှောက်ထားပြီးနောက် ဘွဲ့ခံဆရာတော်ကြီးအား ရတုပိုဒ်စုံဖြင့် ပူဇော်ခဲ့ကြသည်။ ထို့နောက် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း နှင့် ချီးမြှင့်ခြင်းဆက်လက် ပြု လုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊သာသနဓဇဓမ္မာစရိယ၊ဒီဃဘာဏက၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ ဇဝနဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်ကြီးအား အဂ္ဂမဟာ မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊  အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ ဇဝနဗုဒ္ဓတက္ကသိုလ်၏ဦးဆောင်ဆရာတော် ဦးအဂ္ဂဓမ္မအား မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊  ဗုဒ္ဓဘာသာကလျာဏယုဝ(YMBA) အသင်းကြီး(ဗဟို) ဥက္ကဋ္ဌကြီး ဦးရဲထွန်းမှ ဇဝနဗုဒ္ဓတက္ကသိုလ်၏ ဦးဆောင်ဆရာတော် ဦးခေမာရံသီအား မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဒက္ခိဏာရုံစာသင်တိုက်၏ အနုနာယကဆရာတော် ဦးကုသလအား မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မင်္ဂလာကံကျောင်း၏ ပဓာနနာယကဆရာတော် ဦးဝိဇယအား မင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြပြီး အဓိပတိဆရာတော်ကြီးမှ  အဂ္ဂမဟာ ဥပကာရပါရဂူ ဘွဲ့တံဆိပ်တော်အား ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA)အသင်းကြီး(ဗဟို) ဥက္ကဋ္ဌကြီး ဦးရဲထွန်း နှင့် ဇဝနဗုဒ္ဓအကယ်ဒမီအကျိုးတော်ဆောင်နာယကကြီး ဦးစိန်ကြည်တို့အား ချီးမြှင့်ခဲ့သည်။ 

ထို့နောက်  ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ အဓိပတိဆရာတော်ကြီးမှ ဩဝါဒကထာချီးမြှင့်တော်မူပြီးနောက်  အကျိုးတော်ဆောင်တစ်ဦးက ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းတော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စေတနာရှင်အလှူရှင်တို့မှ ဇဝနဗုဒ္ဓတက္ကသိုလ်နှင့် ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA)အသင်းကြီး(ဗဟို)သို့ သာသနာပြုရန်နှင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓသာသနံံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

18-Mar-2023