ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအားလှည့်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၈ ရက်နေ့ညနေပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ၊ ငွေကျား  ဆီကြိတ်စက်လုပ်ငန်းသို့ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆီကြိတ်စက်ပိုင်ရှင်မှ နေကြာကုန်ကြမ်းရရှိမှု၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့် နေကြာဆီဒေသတွင်းဖြန့်ဖြူးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာသီးနှံအားတိုးချဲ့စိုက်ပျိုးထားရှိကြောင်း၊ နေကြာရိတ်သိမ်းနေချိန်ဖြစ်၍ ကုန်ကြမ်းများပိုမိုထွက်ရှိလာမှာဖြစ်ကြောင်း၊ သန့်ရှင်းလတ့ဆက်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုဖြေဆိုနေမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်တုန်းမြို့ နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧက( ၁၂၄၀၀)အား ဝယ်ယူကြိတ်ခွဲသူအစု အဖွဲ့အနေဖြင့် ဆောင်ရွက်သည့်ညောင်တုန်းမြို့၊ ခွန်အားဆန်စက်သို့ သွားရောက်၍ တောင်သူများမှ ဆန်စက်သို့ နွေးစပါးများပြန်လည်ပေးသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေးစပါးအထွက်တိုးမှုအခြေအနေများ၊ သွင်းအားစုထောက်ပံ့ငွေများပြန်လည်ပေးသွင်းမှုအခြေအနေများမေးမြန်းဆွေးနွေးခဲ့ပြီး တစ်သီးစိုက်မှနှစ်သီးစိုက်၊ နှစ်သီးစိုက်မှသုံးသီးစိုက်သို့ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆန်စပါးကြိတ်ခွဲနေမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အရည်အသွေးမြင့် ဆန်များကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ပါ တင်ပို့ရောင်းချနိုင်ရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဒေသ(၂)မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ညောင်တုန်းမြို့၊အမှတ်(၃)ရပ်ကွက်၊  (၁၄)လမ်းနှင့်(၁၆)လမ်းကြား မြစ်ကမ်းပါးနိမ့်ကျရေးကာကွယ်ရေးလုပ်ငန်း အလျား (၈၀၀)ပေ တည်ဆောက်ရေးလုပ်ငန်းခွင်အားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် မိုးမကျမီအချိန်မီပြီးစေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။ 

ထို့နောက် ညောင်တုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်းကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊လုံခြုံရေးကိစ္စရပ် များအထူးဂရုပြုဆောင်ရွက်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

09-Mar-2023