ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊‌ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး “(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား၌ တောင်သူများ၊ဌာနဆိုင်ရာများ၊စိုက်ပျိုး၊မွေးမြူ၊ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်စုပေါင်း၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲအား ပြုလုပ်ခဲ့ပါကြောင်း၊၂၀၂၂ ခုနှစ်၊အောက်တိုဘာလ (၆)ရက်မှ (၇)ရက်နေ့ထိ၊ အပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၂)၌ ကျင်းပခဲ့သည့် “မြန်မာနိုင်ငံဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference 2022)"တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး ရရှိခဲ့သော ဖော်ထုတ်ချက် (၄၃)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံပြီး စားရေရိက္ခာပေါကြွယ်ဝခြင်း၊အလားအလာကောင်းသော စိုက်မွေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ များစွာရှိသည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်က  အောင်မြင်ဖြစ်ထွန်းနိုင်သော တိုင်းဒေသကြီးဖြစ်သည့်အတွက်  စံနမူနာပြဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်လမ်းညွှန်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)တို့ ပူးပေါင်း၍ ရေးဆွဲပြီး ဆန်စပါးဥပဒေ(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်နိုင်ရန် ဆွေးနွေးပွဲ ကျင်းပပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆန်စပါးအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်သောကြောင့်  လိုအပ်ချက်များကိုပိုမိုဆွေးနွေးနိုင် မှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ထုတ်လုပ်သူနှင့် တောင်သူများက ထိရောက်သည့် ထိထိရောက်ရောက်ဆွေးနွေးအကြံပြုမှုတွေ လုပ်ဆောင်ပေးပါရန်မှာကြားလိုပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း  စပါး တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ အရည်အသွေးတိုးတက်ကောင်းမွန်စေရေး၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာတစ်ဧကအထွက်နှုန်းတိုးတက်ရေး၏ အဓိကအချက်များဖြစ်တဲ့ မျိုးကောင်းမျိုးသန့်ရရှိစေရေး၊ သွင်းအားစုဈေးနှုန်းများ သက်သာစေရေးအတွက်တိုင်းဒေသကြီးအစိုးရ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးအတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီး၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀)ကို ကအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည်  စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံတဲ့ စီးပွားရေးလုပ်ငန်းများ အဓိကထားသည့် တိုင်းဒေသကြီးဖြစ်ရာ မိုးစပါး၊ နွေစပါး စုစုပေါင်းဧက(၅၁)သိန်းကျော် စိုက်ပျိုးပြီး စပါးတင်းသိန်းပေါင်း (၄၀၀၀)ကျော် ထွက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး ပို လျှံသည့်ဆန်များကို  ပြည်တွင်းပြည်ပတင်ပို့လျက်ရှိပါကြောင်း၊ ခေတ်မီအဆင့်မြင့် ဆန်စက်ကြီးများရှိပြီး ပေါင်းဆန် တိုးတက်ထုတ်လုပ်နိုင်ရေးကိုလည်း စည်းရုံးဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း “ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပတင်ပို့ခြင်း၊ထိန်းကျောင်းကြပ်မတ်ခြင်း ကဏ္ဍများကို ဤဥပဒေဖြင့် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပိုမိုအလေးထားဆွေးနွေးပေးစေလိုပါကြောင်း၊ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှုမှ ထွက်ရှိလာသည့်ဘေးထွက်ပစ္စည်း ဖွဲနုများကို ဖွဲနုဆီ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါပြီး ဖွဲနုဆီစက်များ တည်ဆောက်၊လည်ပတ် ထုတ်လုပ်နိုင်ပါက ဆီဖူလုံမှု အထောက်အကူဖြစ်လာနိုင်ပါကြောင်း၊ ဆန်စပါးဥပဒေမူကြမ်းတွင် ပေါင်းဆန်စက်၊ ဖွဲနုဆီစက် ဖွံ့ဖြိုးရေးကဏ္ဍများ အားပေးကူညီထောက်ပံ့ရန်ပါရှိသည့်အတွက် အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ဆန်စပါးဥပဒေမူကြမ်းနှင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တောင်သူများ၊ ရောင်းဝယ်သူများ၊ ဆန်စက်ပိုင်ရှင်များ၊Exporter များမှ  မိမိတို့၏ပကတိအခြေအနေနှင့်ကိုက်ညီသည့် အချက်အလက်များ ထဲထဲဝင်ဝင်ဆွေးနွေးပေးကြရန်”ပြောကြားခဲ့သည်။

ယင်းနောက်  တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာမှူးက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူးက ဆက်လက်ရှင်းလင်းဆွေးတင်ပြခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ထို့နောက် စားသုံးရေးရာဦးစီးဌာန(ရုံးချုပ်)မှ ဥပဒေ(မူကြမ်း)အား ဆက်လက်ရှင်းလင်းခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများမှ ပြင်ဆင်ဖြည့်စွက်ရရမည်များအား အပြန်အလှန်တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆန်စပါးဥပဒေ(မူကြမ်း) ဆွေးနွေးပွဲရလဒ်များတွင်ပြည့်ပြည့်စုံစုံထည့်သွင်းဆွေးနွေးကြသည်ကိုတွေ့ရှိရပါကြောင်း၊ စကားရပ်၊ အသုံးအနှုန်းတိကျမှန်ကန်ရန်လိုအပ်ပါကြောင်း၊ နေရာဒေသမတူညီမှုများအတွက်လည်းထည့်သွင်းဆွေးနွေးကြရမှာဖြစ်ပါကြောင်း၊ ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့်တောင်သူများပါဝင်သည့် သုတေသနပြုလုပ်ငန်းများဆောင်ရွက်နိုင်ရေးဆွေးနွေးမှုများလည်းတွေ့ရှိရပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍအလိုက်ကျွမ်းကျင်ပညာရှင်များထွက်ပေါ်လာပါက တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများစွာရရှိမှာဖြစ်ပါ၍ လူစွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်းနှင့် ရရှိတဲ့အချိန်အတွင်း ထိရောက်သည့်ပြင်ဆင်ဖြည့်စွက်ချက်များ၊ အကြံပြုချက်များဆွေးနွေးချက်များဖြင့် နိုငံအကျိုး၊ တိုင်းဒေသကြီးအကျိုးနှင့် တောင်သူများအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ရန်နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ရောင်းဝယ်ရေးသမားများ၊ ပုသိမ်တက္ကသိုလ်မှပါမောက္ခများ၊ Exporterများနှင့်တောင်သူများစုစုပေါင်း ၁၅၇ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

06-Mar-2023