၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးပေးအပ်

၂၀၂၃ခုနှစ်၊နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အားအောင်နိုင်ရေးပေးအပ်ပွဲ အခမ်းအနားကို ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား နေပြည်တော်ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက်ကျောင်းသား အားကစားအဖွဲ့နှင့်မိတ်ဆက်ပေးပြီး  ဧရာဝတီတိုင်းဒေသကြီးကျောင်းသား အားကစားအဖွဲ့ခေါင်းဆောင်က အသင်းဖွဲ့စည်းထားရှိမှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအားရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ၂၀၁၉ခုနှစ်တွင် ကျင်းပခဲ့သည့်အားကစားပွဲတော်၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အားကစားမျိုးစုံတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  အမျိုးသမီးဘော်လီဘောအသင်းအနေဖြင့် ပထမရရှိခဲ့ပါကြောင်း၊အမျိုးသားများနှင့်ရင်ဘောင်တန်း၍ အမျိုးသမီးများက ကြိုးစားပမ်းစား အားထုတ်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများစွာရှိပြီး ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင်ကျောင်းသား၊‌ကျောင်းသူများအား ပြိုင်ပွဲအဆင့်ဆင့်ပြုလုပ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊အားကစားသမားသစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် အားကစားကွင်းနှင့်အားကစားရုံများ ပြည့်စုံကောင်းမွန်စေရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားနည်းစနစ်များတိုးတက်ပြောင်းလဲလာသည်နှင့်အညီ အားကစားရုံနှင့် အားကစားကွင်းများအဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် အားကစားကဏ္ဍသည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အားကစားသာမကပညာရေးတွင်လည်းထူးချွန်ကြသူများ ဖြစ်စေရေးကြိုးစားကြရန်ကျောင်းသား၊ကျောင်းသူ အားကစားသမားများအား တိုက်တွန်းပြောကြားလိုပါကြောင်း၊ယခုနှစ်ကျောင်းသားအားကစားပွဲတော်တွင် စံချိန်ကောင်းကောင်းဖြင့် နိုင်ငံအဆင့်ရွှေတံဆိပ်ဆုများရရှိပြီး ထိုမှတစ်ဆင့်တိုင်းဒေသကြီး၊နိုင်ငံကိုယ်စားပြုအားကစားသမားဖြစ်စေရေးကြိုးပမ်းကြစေလိုကြောင်း”တိုက်တွန်းပြောကြားခဲ့ပြီး အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူအားကစားသမားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဘောလုံး(ကျား၊မ)၊ ဘော်လီဘော (ကျား၊မ)၊ပိုက်ကျော်ခြင်း(ကျား)၊ ပြေး၊ ခုန်၊ ပစ်(ကျား၊မ) အားကစားနည်းများဖြင့် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်၊ နည်းပြ၊ ဒိုင်လူကြီး၊ ဆေးအဖွဲ့ (၃၂)ဦး၊ အားကစားသမား(၉၃)ဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။

15-Jan-2023