နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်(၂၀၂၂-အောင်)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ်(၂၀၂၂-အောင်)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား နည်းပညာတက္ကသိုလ်(ပုသိမ်) စက်မှုအင်ဂျင်နီယာဌာန၊ ကျောင်းသား၊ ကျောင်းသူများက“ မြကျွန်းညိုညို” သီချင်းဖြင့်အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ကျောင်းသူများက“ ဗုဒ္ဓပူဇနိယ”သီချင်းဖြင့်ဆက်လက်ဖျော်ဖြေခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မောင်တို့မယ်တို့သည်ပြီးခဲ့သည့်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  မြန်မာတစ်နိုင်ငံလုံး ဒုတိယအောင်ချက်အကောင်းဆုံးနှင့်  ဂုဏ်ထူးရှင်များစွာလည်း ထွက်ပေါ်ခဲ့အောင် ကြိုးစားခဲ့ ကြသူများဖြစ်ပါကြောင်း၊ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင်လည်း ညီငယ်၊ညီမငယ်များ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပံ့ပိုးကြစေလိုကြောင်း၊ယနေ့ခေတ်တွင် နည်းပညာကဏ္ဍသည် လွန်စွာအရေးပါလာပြီဖြစ်၍ ကမ္ဘာ့အဆင့်မီ နည်းပညာရပ်များအား ကျောင်တော်ကြီးမှသင်ကြားပို့ချလျက်ရှိပြီး မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အားဖြည့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်၍ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ကူးပြောင်းဆောင်ရွက်လျက်ရှိပြီး စက်မှုကဏ္ဍ၊နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်တို့မယ်တို့၏ အခန်းကဏ္ဍသည်လွန်စွာအရေးပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ပိုင်းအတွေးအခေါ် ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် စဉ်းစားတွေးခေါ်၍ ခေတ်မီနည်းပညာရပ်များအားကြိုးစားလေ့လာသင်ယူဆောင်ရွက်ကြပြှး တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်ကြပါစေကြောင်း” နှုတ်ခွန်းဆက်အမှာစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်အကများနှင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် (၂၀၂၂ -၂၀၂၃) ပညာသင်နှစ်တွင် ဘာသာရပ်အလိုက် ပထမနှစ်မှ ဆဋ္ဌမနှစ်အထိ ကျောင်းသားကျောင်းသူသုစုပေါင်း (၉၁၉)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

10-Jan-2023