ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်း နေကြာ၊ ပဲတီစိမ်းစိုက်ခင်းများကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် ဟင်္သာတခရိုင်  ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာရှိ တောင်သူဒေါ်လှနှင်းရီ၏ လယ်မြေ (၃)ဧက တွင်  ပဲတီစိမ်းစိုက်ပျိုးဖြစ်ထွန်းနေမှုအားကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေး၊ အထွက်နှုန်းတိုးစေရေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ဖတ်သောင်ကျေးရွာရှိ တောင်သူဦးရွှေထူး၏ ဆင်းရွှေကြာ-၂၊  နေကြာမျိုးစေ့ထုတ်(FS) (၁၀)ဧကစံပြစိုက်ခင်း၊ တောင်သူဦးမောင်ကျော်၏ ရေဆင်း၁ စပ်မျိုးနေကြာ ၁ဧက သီးသန့်စိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်မေရီလန်းကျေးရွာ၊တောင်သူဦးဝင်းမြင့်ဦး၏ ရေဆင်း-၁၄ ပဲတီစိမ်းမျိုးစေ့ထုတ် (၁) ဧက စံပြစိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် (၁) ဧကစိုက်ခင်း၊ နေကြာ (စူပါဆန်း 41)စပ်မျိုး (၄ )ဧကစိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပါသည်။

ထို့အတူ ဇော်ဂျီကွင်းကျေးရွာ တောင်သူ ဒေါ်ရင်မြ၊ တောင်သူ ဦးသန်းစိုးတို့၏ နေကြာ ရေဆင်း-၁ စပ်မျိုး (၁.၃၀)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။ ထို့သို့ ကြည့်ရှုအားပေးခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှသွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီစနစ်တကျစိုက်ပျိုးစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့်   ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့ပါသည်။ ထို့နောက် အစုကြီး+လှေလမ်းကျေးရွာတွင် ကျေးရွာ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်းတိုင်းဒေသကြီးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။   

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကဥ္စနကျွန်းသာ ကုမ္ပဏီလီမီတက်မှ (ဆင်းရွှေကြာ-၂)နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်များပိုမိုထုတ်လုပ်နိုင်စေရေး၊  စိုက်နည်းစနစ်များမှန်ကန်စွာ အသုံးပြုနိုင်စေရေးနှင့်ပိုမိုတိုးချဲ့စိုက်ပျိုးစေရေးမှာကြားခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ သာဘာဝမြေသြဇာ၊ ဓာတ်မြသြဇာများ အချိုးကျသုံးစွဲစေရေးမှာကြားခဲ့ကြောင်းသိရသည်။

09-Jan-2023