ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်တက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား ပုသိမ်တက္ကသိုလ် အထိမ်းအမှတ်သီချင်းဖြစ်သော“အလွမ်း မပြေတဲ့ ပုသိမ်တက္ကသိုလ်နန်းမြေ”သီချင်းဖြင့် နည်းပြ၊သရုပ်ပြဆရာ၊ဆရာမများက သီဆိုဖျော်ဖြေ၍ အခမ်းအနားအားဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲများအောင်မြင်ပြီးသူများအနေဖြင့် အဆင့်မြင့်ပညာအဆင့် တက္ကသိုလ်များတွင် အထူးပြုဘာသာရပ်အသီးသီးအား လေ့လာသင်ယူရမည်ဖြစ်ရာ သင်ကြားရေးအတွက် နည်းပြ၊ သရုပ်ပြသစ်လွင် ဆရာ၊ ဆရာမများ ခန့်အပ်နိုင်ခဲ့ပြီး မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ ဖွင့်လှစ်ခြင်းဖြင့်  ကျောင်းသား ကျောင်းသူများကို ဘာသာရပ်အလိုက် ထိရောက်စွာ သင်ကြားပို့ချနိုင်မည်  ဖြစ်ပါကြောင်း၊တက္ကသိုလ်ပညာ သင်ကြားရာတွင် စာပေများ လေ့လာဆည်းပူးရင်း မိမိတို့ဝါသနာပါရာ အားကစားအလိုက် လေ့လာလိုက်စားခွင့်များ လည်းရှိနေမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ကောလိပ်များတွင် ခေတ်မီအားကစားကွင်းနှင့် အားကစားခန်းမများကို အဆင့်မြှင့်တင် တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံအဆင့် လက်ရွေးစင် အားကစားသမားများကိုလည်းမွေးထုတ် မြှင့်တင်ပေးရမှာဖြစ်ပါကြောင်း၊ အနုပညာ နှင့်ပတ်သက်၍လည်း မျိုးဆက်သစ်အနုပညာရှင်များကိုလည်း မွေးထုတ်ပေးကြရမှာဖြစ်ပါကြောင်း၊  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးတွင် ပညာရေးသည် အဓိကကျပါကြောင်း”ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က ပုသိမ်တက္ကသိုလ်တွင် ခန့်အပ်ခြင်းခံရသော နည်းပြ၊သရုပ်ပြ သစ်လွင်ဆရာ၊ဆရာများနှင့် ဘာသာရပ်အလိုက်မိတ်ဆက်ပေးခဲ့ပြီး   နည်းပြ၊သရုပ်ပြ (၇၄)ဦးအားခန့်အပ်နိုင်ခဲ့ကြောင်း သိရသည်။

27-Oct-2022