ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦဖွင့်ပွဲ  အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ပပဝတီကွက်သစ်၊ အကွက်အမှတ်(၃၃၈၊၃၃၉)ရှိ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးဝန်း ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအ‌ဖွဲ့ နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ယူတည်‌ဆောက်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးတို့မှ သတ်မှတ်နေရာများ၌ နေရာယူ၍ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးပြီးနောက် အခမ်းအနားအားဆက်လက် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးရုံး (၄၀‌ပေx ၄၅ပေ) RC ၃ ထပ် နှင့် ဝန်ထမ်းအိမ်ရာ (၃၀ပေx၄၀‌ပေ) ၂ ခန်းတွဲ RC ၄ ထပ် အား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရုံးဝန်းအတွင်းမှာဘဲ ရုံးနဲ့ အိမ်ရာ တည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက် ဝန်ထမ်းများ ရုံးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တာဝန်ယူတည်ဆောက်ပေးခဲ့တဲ့ ကုမ္ပဏီမှ တာဝန်ရှိသူများကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ဝန်ထမ်းများအနေနဲ့ မိမိတို့ရုံးနဲ့အိမ်ရာအဆောက်အဦကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မိမိရုံး၊ မိမိအိမ်ရာဝန်းကျင် သန့်ရှင်းသာယာရေး စိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး စာရင်းကောက်ယူရေးကော်မတီအနေဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ကလေးလုပ်သားဆိုင်ရာ စစ်တမ်းကို ပထမအကြိမ် ကွင်းဆင်းကောက်ယူခဲ့ပြီး အစီရင်ခံစာအား မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဒုတိယအကြိမ်က‌ေလးအလုပ်သမား ပပျောက်ရေး စစ်တမ်းကို ကွင်းဆင်းကောက်ယူရာမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၃၀.၆.၂၀၂၂ရက်နေ့မှာ ပြီးစီးခဲ့ကြောင်း၊ အလားတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ညွှန်းကိန်းများ၊  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွှန်းကိန်းများ နှင့်အခြားသော စစ်တမ်းတွေ၊ စာရင်းအင်းတွေ ကောက်ယူတဲ့အခါမှာလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ ညွှန်းကိန်းများဖြစ်တဲ့ စားသုံးသူဈေးဆနှုန်း(CPI)နဲ့ ငွေကြေးဖောင်းပွမှုနှုန်း(inflation)တို့ကိုတွက်ချက်တင်ပြရာမှာလည်း ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ဖို့လို့ကြောင်း၊ မွေးဖွားမှု သေဆုံးမှုနဲ့ အခြားသောစစ်တမ်းတွေ ကောက်ယူရာမှာ မြေပြင်ကိန်းဂဏန်းမှန်ကန်‌စေရန် အတွက် မြေပြင်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး အဆောက်အဦဆိုင်ရာ အချက်အလက်များအား တိုင်းဒေသကြီးတာဝန်ခံ ဒေါ်ဆွေဆွေမြင့်က Power Pointဖြင့် ရှင်းလင်းတင်ပြပြီးနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ Royal Ayar Creative & Construction Co.Ltdမှ ဗဟိုစာရင်းအင်းအဖွဲ့ရုံးနှင့်အိမ်ရာအဆောက်အဦဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး တာဝန်ယူတည်ဆောက်ခဲ့သည့်ကုမ္ပဏီများအား ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင်  တိုင်းဒေသကြီးအတွင်း လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

24-Oct-2022