ဧရာဝတီတိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသူများတတ်ရောက်ကြပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ တိုင်းဒေသကြီး၏ စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များအားလုံးဖိတ်ကြားထားပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)မှ  စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်ကြမ်းများအားအသုံးပြု၍ အရည်အသွေးပြည့်မီသည့်ကုန်ချောများထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းရရှိစေရေးမိရိုးဖလာစိုက်ပျိုးမှုများအပြင်သိပ္ပံနည်းကျစနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များအသုံးပြု၍ Eating Quality ပြည့်မီသည့် အရည်အသွေးပြည့်ဆန်များထုတ်လုပ်နိုင်ပြီး ပြည်တွင်း၊ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်သားငါးထုတ်လုပ်နိုင်မှုတွင်လည်းတိုင်းဒေသကြီးအနေဖြင့် ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊မြစ်ချောင်းအင်းအိုင်များ၊ မွေးမြူရေးကန်များဖြင့် စနစ်တကျမွေးမြူခြင်း၊ နိုးစားနွား၊ အသားတိုးနွားများစနစ်တကျမွေးမြူခြင်း၊အသားတိုးဝက်စနစ်တကျမွေးမြူခြင်း၊ ဥစားကြက်၊အသားစားကြက်များစနစ်တကျမွေးမြူခြင်းစသည့်လုပ်ငန်းများဖြင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထင်းအစားထိုးလောင်စာ၊ စပါးခွံသုံးလောင်စာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောက်ရွက်ရန်လိုပါကြောင်း၊ဆင့်မြင့်စက်ရုံ၊ အလုပ်ရုံများ စနစ်တကျလည်ပတ်ဆောင်ရွက်နိုင်စေရေး ခရိုင်အလိုက် စက်မှုဇုန်များတည်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်းစိုက်ပျိုးခြင်းများအပြင် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖွဲနုဆီထုတ်လုပ်နိုင်ရေးအတွက် ဖွဲနုဆီစက်များလည်ပတ်နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ One Region One Product ထုတ်လုပ်နိုင်ရေး အရည်အသွေးမြင့်ကုန်ထုတ်လုပ်ငန်းများဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးတက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံကို ဆွေးနွေးပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဌာနဆိုင်ရာများနှင့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာကြသူများက တိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအလုပ်ရုံ ဆွေးနွေးပွဲအား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

 

23-Oct-2022