(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့် ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ

(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်က  ပုသိမ်မြို့၊မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်၎င်းတို့၏ဇနီး များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊တိုင်းဒေသ ကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ  တက်ရောက်အားပေးခဲ့ကြသည်။ 

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများပြုလုပ်၍ အရည်အချင်းပြည့်မီသူများအား စနစ်တကျရွေးချယ်စခန်းသွင်းလေ့ကျင့်ပေးခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာနာယူမှတ်သားလိုက်နာပြီး ပြိုင်ပွဲဝင်သွားရမှာဖြစ်ပါကြောင်း၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ ပြိုင်ပွဲဝင်ဘာသာရပ်အားကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးသူများအနေဖြင့်လည်းမိမိတို့ပြိုင်ပွဲဝင်အတွက်အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ (၂၂) ကြိမ်မြောက် ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် ၁၂၅ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ဆုရရှိမှုတန်းစီဇယား စတုတ္ထနေရာရရှိခဲ့ပါကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၉၃ဦးဖြင့် ပြိုင်ပွဲဘာသာရပ် များအားပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ယခင်နှစ်ထက် အောင်မြင်မှုများပိုမိုရရှိစေရေးကြိုးစားဆောင်ရွက် နေသည်ကိုတွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲဝင်ကာလတစ်လျှောက်လုံးကျန်းမာရေးအထူးဂရုပြုကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များစွာရရှိ၍ အောင်ပွဲနှင့်အတူ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေး ပြိုင်ပွဲဝင်များ၊ နည်းပြအုပ်ချုပ်အဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းကြရန်”ပြောကြားသည်။

ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ ဝါသနာရှင်(ဒုတိယတန်း) ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင် (ဒုတိယတန်း)အမျိုးဂုဏ်၊ဇာတိဂုဏ်၊ အဆင့်မြင့်ပညာ ခေတ်ဟောင်းကာလပေါ်၊ အခြေခံပညာ(၁၅-၂၀) ခေတ်ဟောင်းကာလပေါ်တေးများဖြင့်လည်းကောင်း၊ အခြေခံပညာ(၁၀-၁၅)တစ်ဦးချင်းအကများကိုလည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်းဆိုင်းတစ်ဦးချင်း၊ ဝါသနာရှင်ဒုတိယတန်း စောင်း၊ အဆင့်မြင့်ပညာ ဂီတာ၊ အခြေခံပညာ(၁၅-၂၀) မယ်ဒလင်၊  အခြေခံပညာ(၁၀-၁၅)စန္ဒရား၊ အခြေခံပညာ (၁၅-၂၀)ဆိုင်းအဖွဲ့လိုက်တို့၏ အနုပညာစွမ်းရည်များပြသမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် တေးရေးဆရာဦးသန်းရှိန်ရေးစပ်သီကုံးသည့် လက်တွဲညီညီရှေ့သို့ချီ သီချင်းသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ နည်းပြအုပ်ချုပ်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။

06-Oct-2022