တိုင်းဒေသကြီးအတွင်း နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့်ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဆောင်းနေကြာသီးထပ်စိုက်ပျိုးနိုင်ရန်အတွက် မိုးနေကြာ မျိုးစေ့ထုတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထပ်မံလိုအပ်မည့် နေကြာမျိုးများအား အချိန်မီ စုဆောင်းရန် လိုပါကြောင်း၊  Contract Farming စနစ်ဖြင့် အကျိုးတူဆောင်ရွက်မည့်သူများရှာဖွေရမည့်အပြင် ရေလိုအပ်သည့်အချိန်တွင် ရေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နေကြာဆီစက်များ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးလျှက်ရှိသည့်တောင်သူများနှင့် တွေ့ဆုံဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ဆောင်မည့်အခြေအနေများအား တင်ပြဆွေးနွေးရန်လိုပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား အသိပညာပေးရန်လိုပါကြောင်း”ပြောကြားသည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊စီးပွားရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က နေကြာသီးထပ်စိုက်ပျိုးနိုင်ရေး မြေနေရာစုဖွဲ့မှု မျိုးလိုအပ်ချက်များနှင့် မျိုးစေ့စုဆောင်ရရှိမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့် သက်ဆိုင်ရာဌာနများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

25-Sep-2022