မောင်းထောင်ပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်စာချ ကထိကဆရာတော်ကြီး သက်တော် (၇၁) နှစ်၊ သိက္ခာတော်(၅၁)ဝါ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်ကျင်းပ

ပုသိမ်မြို့ အမှတ်(၂) ရပ်ကွက်၊နိဂြောဓာလမ်း၊မောင်းထောင်ပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်စာချ ကထိကဆရာတော် လဇ္ဇီပေသလ၊သိက္ခကာမ၊ဝိနယဂရုက ဖြစ်တော်မူသော တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်(ရွှေကျင်) ဘဒ္ဒန္တမာနိတာလင်္ကာရ (သာသနဓဇဓမ္မာစရိယ၊မဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ဒီဃဘာဏက)မဟာထေရ် ဆရာတော်ကြီး၊ သက်တော် (၇၁) နှစ်၊ သိက္ခာတော် (၅၁)ဝါ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားအစီအစဉ် ပထမပိုင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၂) ရပ်ကွက်၊ နိဂြောဓာလမ်း၊ မောင်းထောင်ပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရဟန်းရှင်လူပရိတ်သတ်များတက်ရောက် ဖူးမြော်ကြည်ညိုကြပါသည်။ 

ဦးစွာ ဆရာတော်သံဃာတော်အရှင်မြတ်များ အမှူးပြုသော ပရိတ်သတ်အားလုံးက "သဗ္ဗေသင်္ခါရာ အနိစ္စာ" အစချီသော သုံးဂါထာကိုရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပရိတ်သတ်များမှ ဆရာတော်အရှင်သူမြတ်တို့အား သင်္ကန်းစသော လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တမာနိတာလင်္ကာရ၏ ထေရုပ္ပတ္တိအကျဉ်းကို မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသီရိရတနာဘိဝံသက ဖတ်ကြားပူဇော်ပါသည်။ ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဒ္ဒ တိုက်ကြီးကျောင်း ဆရာတော် အရှင်သူမြတ်ထံမှ မရဏာနုဿတိ ဓမ္မသံဝေဂဒေသနာတော်ကိုနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ၍ အခမ်းအနားပထမပိုင်းကိုရုပ်သိမ်းခဲ့ကြပါသည်။ ဘဒ္ဒန္တမာနိတာလင်္ကာရ မဟာထေရ် ဆရာတော်ကြီး၏  အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ဒုတိယပိုင်းအစီအစဉ်များကို ယနေ့နေ့လည်ပိုင်းတွင် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ ၊တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဆရာတော်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အစီအစဉ်တကျ ဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရသည်။

02-Aug-2022