ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကနောင်မြို့ မဟာလောကမုနိန်မာရဇိန် ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကြီး ဖူးမြော်ကြည်ညိုပြီး မြန်အောင်ခရိုင်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကနောင်မြို့ မဟာလောကမုနိန်မာရဇိန် ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကြီးဖူးမြော်ကြည်ညိုပြီးဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘုရားကြီးကျောင်းတိုက်အတွင်း ကိုးကွယ်တည်ထားတော်မူသော မဟာလောကမုနိန်မာရဇိန်ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ လေးထပ်ရုပ်စုံတံကဲကြီး၏ ရှေးဟောင်းလက်ရာများအားကြည့်ရှုပြီး ရှေးဟောင်းလက်ရာမပျက် ထိန်းသိမ်းရေး၊ လျှပ်စစ်မီးများစနစ်တကျသွယ်တန်းနိုင်ရေး၊ အဆောက်အဦးဝန်းကျင်သန့်ရှင်းရေးတို့အားမှာကြားပြီး နဝကမ္မအလှူတော်ငွေများပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားကြီးကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက်မြန်အောင်မြို့နယ်ပညာရေးမှူးရုံး၌ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးက မြန်အောင်ခရိုင်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ခရိုင်အဆင့် ဌာနဆိုင်ရာများက ပညာရေးဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များနှင့် လိုအပ်သည်များတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန်အတွက် ခရိုင်များတိုးချဲ့ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးကျောင်းသားကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုနိုင်စေရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးအောင်မြင်ရန်အတွက် ပေါင်းသင်ခြင်း၊ မြေသြဇာကျွေးခြင်း၊ ပိုးမွှားအန္တရာယ်ကာကွယ်ခြင်းလုပ်ငန်းများ ဂရုတစိုက်မှတ်တမ်းများထားရှိဆောင်ရွက်ရန်နှင့် ထိုမှတ်တမ်းများမှ အားနည်းချက် အားသာချက်များရယူကာ ဆောင်းနေကြာပိုမိုဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ်၊  ဘုရားငုတ္တိကျေးရွာအုပ်စု၊ ကျီးပင်အင်းကျေးရွာ တောင်သူဦးအေးဝင်း၏ ယာမြေ (၁)ဧကရှိ နေကြာစိုက်ခင်းအားကြည့်ရှု အားပေးပြီး နေကြာအထွက်တိုးရေး၊ပေါင်းမြက်များရှင်းလင်းရေးနှင့်ပိုမွှားများကျရောက်မှုမရှိစေရေး တို့အားမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ရှိ ကံကလေး(ပုသိမ်-မုံရွာ)လမ်း မိုင် ၁၉/၅၂၊ ဟင်္သာတ-နိဗ္ဗာန် သောင်ကြီး ကျုံပျော် ရေကြည် လမ်းမိုင် ၁၄/၀ ဆုံသည့်နေရာ Junction အား လမ်းချဲ့ခြင်းနှင့် မူလ လမ်းအား ထပ်ပိုးလွှာတင်၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ယာယီရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ လမ်းဒီဇိုင်းရေးဆွဲထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

25-Jul-2022