၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံးဒုတိယ၊ အောင်ချက်အကောင်းဆုံးခရိုင်၊ မြို့နယ်ကျောင်းများနှင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင် ချက်အကောင်းဆုံးဒုတိယ၊ အောင်ချက်အကောင်းဆုံးခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဆရာ၊ဆရာမများနှင့် ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ၂၀၂၂ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်သူများအား ဂုဏ်ပြုသော အခမ်းအနားဖြစ်သောကြောင့် ဂုဏ်ပြုထိုက်သူများဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဟုသည့် စကားအတိုင်း နိုင်ငံ့တာဝန်အား ပုခုံးပြောင်းထမ်းဆောင်မည့် ကျောင်းသားလူငယ်များသည် ငယ်စဉ်ကာလကပင်ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသူများဖြစ်ကြရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်စာမေးပွဲတွင် အောင်ချက်မြင့်မားတိုးတက်လာစေရန် တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်၊ ပညာရေးမှူးများနှင့် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြသော ကျောင်းအုပ်ကြီးများအပါအဝင် ဆရာ၊ဆရာမများ၏ သင်ကြားမှုအောက်တွင် ကျောင်းသား၊ကျောင်းသူများ၏ ကြိုးစားသင်ယူမှုများ၏ ရလာဒ်ပင်ဖြစ်ပါကြောင်း၊ပညာရေးသည် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သလို အကောင်းဆုံးသောရင်နှီးမြုပ်နှံလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာမူလတန်း၊အလယ်တန်းနှင့် အထက်တန်းအထိ အခမဲ့ပညာရေးစနစ်ဖော်ဆောင်ပေးနေသည့်အပြင် စနစ်သစ်ပညာရေးကို KG +12အထိ ဖော်ဆောင်လျက်ရှိပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့်သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစေရန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆရာ၊ဆရာများ၏စွမ်းရည်မြင့်မားလာမှသာ ကျောင်းသား၊ကျောင်းသူများ၏အရည်အသွေးတိုးတက်မြင့်မားလာမှာဖြစ်၍ ခေတ်စနစ်နှင့်အညီပြုပြင်ပြောင်းလဲနေသောပညာရေးစနစ်ကို မျက်ခြည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့်ထာဝရ ကျောင်းသားကြီးများဖြစ်ပါကြောင်း၊ဆရာ၊ဆရာမများအနေဖြင့်စာပေ သင်ကြားပေးရုံသာမကလူကိုလည်းပြင်ပေးရမည်ဖြစ်ရာ ကျောင်းသား၊ကျောင်းသူများအား စာရိတ္တကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာစေရေး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရေး၊ နိုင်ငံချစ်စိတ်၊ တိုင်းပြည်နှင့်လူမျိုးချစ်စိတ်များ တိုးပွားလာစေရေး၊ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကျောင်းသား၊‌ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊အတန်းစဉ်ကူးပြောင်းရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုပါကြောင်းပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် (၅၂.၁၆)ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံး ဒုတိယဆုအား တိုင်းဒေသကြီးပညာရေးမှူးအား ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရ (ပထမ၊ ဒုတိယ၊တတိယ)ဆုရရှိသည့် ခရိုင်၊မြို့နယ် နှင့်ကျောင်းများ၊ နိုင်ငံအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအားလည်းကောင်း၊တိုင်းဒေသကြီးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင်  (၆)ဘာသာ ဂုဏ်ထူးရရှိသူများအား  တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တိုင်းဒေသကြီးပညာရေးမှူးကလည်းကောင်း၊(၄)ဘာသာဂုဏ်ထူးရရှိသူများအား   တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၏ဇနီး၊ သယံဇာတရေးရာဝန်ကြီး၏ဇနီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီးတို့က  အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ယင်းနောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်းသား၊ ကျောင်းသူများကိုယ်စား သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊ တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစည်သူဟိန်း အခြေခံပညာအထက်တန်းကျောင်း (ငါးသိုင်းချောင်း) ရေကြည်မြို့နယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်(၅၂.၁၆)ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးအောင် ချက်အကောင်းဆုံးဒုတိယ၊ တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ၌ (ဆဌမ)တစ်ဦး၊ ဝိဇ္ဇာဘာဘာသာတွဲ၌ (ဒုတိယ)နှစ်ဦး၊ (တတိယ)တစ်ဦး၊ (စတုတ္ထ)နှစ်ဦး၊(ပဉ္စမ)တစ်ဦးနှင့် (ဆဌမ)တစ်ဦး စုစုပေါင်း၈ဦး ထွက်ပေါ်ခဲ့ကာ တိုင်းဒေသကြီးအတွင်းစုစုပါင်း ဂုဏ်ထူးရရှိသူ ၁၁၂၆၀ ဦး ပေါ်ထွက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  (၆)ဘာသာဂုဏ်ထူး (၃၁)ဦး၊ (၅)ဘာသာဂုဏ်ထူး (၇၇)ဦး၊ (၄)ဘာသာဂုဏ်ထူး(၄၀၉)ဦးတို့အား ဂုဏ်ပြုဆုများနှင့် ချီးမြှင့် ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

24-Jul-2022