ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အဋ္ဌာရသမ (၁၈)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူပွဲဇော်ပွဲတက်ရောက်

အဋ္ဌာရသမ(၁၈)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၀၄း၃၀ အချိန်တွင်ပုသိမ်မြို့ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး၊ ဒေါ်လှယဥ်(ဝိသာခါ)ဓမ္မာရုံ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊တိုင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍အရုဏ် ဆွမ်းလောင်းလှူခဲ့ကြပါသည်။

ဦးစွာ ပုသိမ်မြို့ရှိ ကျောင်းတိုက်အသီးသီးတွင် ဝါဆိုဝါကပ်တော်မူကြသောသံဃာတော်အရှင်သူမြတ်များမှ အရုဏ်ဆွမ်းခံကြွရောက်တော်မူလာကြကုန်သော သံဃာတော်(၁၉၃၄) ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော စေတနာရှင်အလှူရှင်များမှ အရုဏ်ဆွမ်းလောင်းလှုပူဇော်ခဲ့ကြသည်။ ထို့နောက် ပုသိမ်မြို့ရှိ ထေရ်ကြီးဝါကြီးသံဃာတော်အရှင်သူမြတ်ငါးပါးတို့ကို ဝါဆိုသက်န်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ဝါတွင်းကာလ အဋ္ဌာရသမ(၁၈)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနား ဆက်လက်ပြုလုပ်ရာ ဆရာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့မှ “နမောတဿ ”  (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြသည်။ ယင်းနောက် အခမ်းအနားသို့  ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဝါဆိုသင်္ကန်းနှင့်   လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍   ဧရာဝတီတိုင်းဒေသကြီး  သံဃနာယကအဖွဲ့၊ ဥက္ကဌ (သုဓမ္မာ) မရမ်းချိုကျောင်းတိုက်  ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

16-Jul-2022